Wednesday, June 4, 2014

အဆင်သင့်မဖြစ်သေးသော အိပ်မက်

နေကတော့ အလိုက်သင့် အလျားသင့် ဆက်ဝင်သွား
နေလုံးကြီးမရှိတော့မှ ည ဟာ ပိုပြီး လှုပ်ရှားအသက်ဝင်
နုတ်ဆက်သွားရတော့မယ့်  လက်တစ်စုံအတွက်
အတိတ်ဟာ ကြေကွဲစရာလား ၀မ်းနည်းစရာလား
ဒွိဟတွေနဲ့ မိုးသောက်ကြယ်ဟာ မျက်ရည်စွန်းထင်
ဘ၀ ဟာ ထင်ထားတာထက် ပိုတိုလွန်းတယ်
ဘာမှမလုပ်ရသေးဘူး ဘာကိုမှလည်း မသေချာသေးဘူး
မက်ထားတဲ့ အိပ်မက်တွေခမျာ ...
ရှေ့ကိုသွားရမှာလား နောက်မှာကျန်ခဲ့ရမှလား
မသေချာ ...
အမှောင်တွေထဲမှာ စိတ်ကလေးမှောင်နေလိုက်ပုံများ
အရာရာဟာ မဟူရာအတိ
သတိရခြင်းတွေ လွမ်းဆွတ်ခြင်းတွေ
မှုန်ရီဝိုးတ၀ါး လမ်းမီးတိုင် အလင်းကလေးနားကြားကျန်ခဲ့
မင်းပျော်ခဲ့သလား ...
ငါကရော ပြောခဲ့သင့်သလား မသိဘူးကွယ်ဆိုလဲ
ကိုယ်ယုံကြည်ရာ ကိုယ် ဆက်လျှောက်ကြရုံပေါ့
မင်းဘာများ တတ်နိုင်မှာလဲ
ကျွန်တော်ကတော့ သက်ပြင်းတွေ ခပ်တိုးတိုးချပြီး
အားလုံးကို မသိချင်ယောင်ဆောင်ဖို့အဆင်သင့်
ဘာမှမခိုင်မာတဲ့ အိပ်မက်တွေအတွက်
ဘာကတိတွေများ ထပ်ပေးရအုန်းမလဲကွယ်
နောက်တစ်ခါတွေ နောက်ထပ်တွေ နောက်ဘ၀တွေ
ကျွန်တော်တို့ဟာ လရောင်ငတ်မွတ်ကြသူများ
ကိုကြယ်စင်ရယ် ခင်ဗျားဆီရောက်ဖို့
ဟယ်ရီဟာ ဘယ်နှပျလောက်စောင့်ရအုန်းမလဲလို့
မိဖြူက မေးခိုင်းလိုက်တဲ့ညမှာမှ
ငါတို့ အသည်းကွဲ ကွပ်ပျစ်ပေါ်မှာ ...
ဂစ်တာထိုင်တီးမိလိုက်ပါပေါ့လား
သုံးနေကျဝေါဟာရတွေထက် ပိုပြီး
ဘာတွေကိုများ ခင်ဗျားကသုံးချင်သေးလားလို့
မမေးပါနဲ့
အဖြေပေးပါကွယ်
မဖြေပါရစေနဲ့
မေးခွန်းတိုင်းအတွက်
လိုအပ်တာက အဖြေမှမဟုတ်တာ
ဝေ့လည်ကြောင်ပတ်တွေနဲ့ အသားကျတာ မကျတာ အသာထား
ခုတော့ အချိန်တွေက ထင်ထားတာထက် တိုလွန်းတယ်
ပြန်ပါရစေတော့
တစ်ခုခုတွေ အဆင်ပြေဖို့မပြေဖို့ထက်
ပုံမှန်ဝတ္တရားအတိုင်းပဲ သူ့ဘာသာသူပဲ ဆက်လက်
ငါတို့ခေတ်ကိုရောက်မှာကိုလည်း ထားခဲ့
ကမ္ဘာမြေငြိမ်းချမ်းပါစေကိုလည်းထားခဲ့
ကျွန်တော့်ကိုလည်း ထားခဲ့
ထားခဲ့ .... ပါ
ဒါလေးတစ်ခုတော့
အဆင်သင့်ဖြစ်ခဲ့ပြီ ထင်ရဲ့ ...



လင်းသွေးအိမ်၊တောင်ပေါ်မြေ၊
5.6.2014